ပူပြင်းတဲ့ နွေရာသီမှာ အိမ်သုံးဆေးဝါးတွေကို ဘယ်လိုသိမ်းဆည်းမလဲ
ဆေးဝါးတွေ အာနိသင်ပြည့်ဝပြီး အရည်အသွေး မှန်ကန်ဖို့ ဆိုရင် ဆေးတွေကို ထားသိုတဲ့ နည်းလမ်းမှန်ကန်ဖို့ကလဲ အရေးကြီးပါတယ်။
ဆေးဝါးတွေရဲ့ ပါဝင်ပစ္စည်းနဲ့ ထုတ်လုပ်ထားတဲ့ပုံစံအရ တချို့က အခန်းအပူချိန်နဲ့ သင့်တော်တာရှိသလို တချို့ကို အေးခဲပြီး ထားရတာလဲ ရှိနိုင်ပါတယ်။ ဒါဆိုရင် နွေရာသီမှာရော ဆေးဝါးတွေကို ဘယ်လိုထိန်းသိမ်းသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
တကယ်တော့ ရာသီဥတု အရမ်းပူလွန်းတဲ့အချိန်မှာ ဆေးဝါးတွေ အကုန်လုံးကို ရေခဲသေတ္တာထဲထည့်ဖို့ မလိုအပ်ပါဘူး။ ပုံမှန်အားဖြင့် Room Temperature မှာ ထိန်းသိမ်းသင့်တဲ့ ဆေးဝါးတွေဟာ အပူချိန်အားဖြင့် 18-25 •C ထားရုံနဲ့ လုံလောက်ပါတယ်။
ဒါပေမယ့် နွေရာသီ အရမ်းပူလွန်းတဲ့အချိန် ဥပမာ - အပူချိန် 30 Degree C ကျော် သွားရင်တော့ ဆေးရဲ့ ပုံစံပေါ်မှာ မူတည်ပြီး ထိန်းသိမ်းဖို့ လိုပါတယ်။
အထူးသဖြင့် ပေါင်ဒါမှုန့်နဲ့ Tablet ၊ Capsule လိုမျိုး ဆေးလုံးတချို့ဟာ ရေခဲသေတ္တာထဲမှာ အစိုပြန်နိုင်ပြီး ပျက်စီးနိုင်တာကြောင့် အိမ်ရဲ့ အေးမြ ခြောက်သွေ့တဲ့နေရာ၊ နေရောင်တိုက်ရိုက်မထိတွေ့တဲ့ နေရာမှာ ထားနိုင်ရင် ရပါပြီ။
Syrup ၊ Solution လိုမျိုး အရည်ပုံစံ၊ စအိုသွင်းဆေးတောင့်နဲ့ မျက်စဉ်း၊ အစက်ချဆေးရည်တွေဆိုရင်တော့ ရေခဲသေတ္တာရဲ့ မအေးခဲတဲ့ နေရာမှာ သိမ်းထားလို့ရပါတယ်။
ရေခဲသေတ္တာရဲ့ အခဲခန်းတွေ၊ လေဝင်ပေါက် လေထွက်ပေါက် တည့်တည့်တွေမှာထားတာက ဆေးကို အစိုပြန်တာ၊ အေးခဲတာဖြစ်စေပြီး ပျက်စီးစေနိုင်လို့ သတိထားသင့်ပါတယ်။
Cream နဲ့ Ointment ပုံစံ လိမ်းဆေးတွေက ပုံမှန်အားဖြင့် အခန်းတွင်း အပူချိန်မှာ ထားနိုင်ပေမယ့် အရမ်းပူလွန်းတဲ့ ရာသီမှာတော့ ပျက်စီးနိုင်တာကြောင့် အေးမြခြောက်သွေ့တဲ့ နေရာမှာ ထားပေးဖို့ လိုပါတယ်။
နွေရာသီမှာ ဆေးဝါးတွေ အပျက်အစီးနည်းစေဖို့ နောက်ထပ်အရေးကြီးတာတစ်ခုကတော့ နဂိုထုတ်လုပ်ထားတဲ့ Packaging အတိုင်း ထားပေးဖို့ပါ။ Packaging အများစုဟာ ဆေးဝါးတွေရဲ့ သဘာဝအရ အလွယ်တကူ မပျက်စီးနိုင်အောင် စီစဉ်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် အရင်ထုတ်ပိုးမှု ပုံစံအတိုင်း သိမ်းဆည်းတာက အကောင်းဆုံးဖြစ်ပါတယ်။
ဒါ့ကြောင့် နွေရာသီမှာ ဆေးဝါးတွေကို အာနိသင် မပျက်စီးအောင် သိမ်းဆည်းဖို့ဆိုရင် ဆေးရဲ့ ပုံစံနဲ့ ဆေးညွှန်းပါ အပူချိန်အတိုင်း စနစ်တကျ ထားသိုသင့်ပါတယ်။
တကယ်လို့ ဆေးရဲ့ အရောင်ပြောင်းနေမယ်၊ ပုံစံပျက်နေမယ်၊ ပျော့နေမယ်၊ မာနေမယ်၊ ကျိုးကြေနေမယ်ဆိုရင်တော့ သုံးစွဲဖို့ မသင့်ပါဘူး။
လူတိုင်းအတွက် အရေးကြီးတဲ့ ဆေးဝါးတွေရဲ့ အာနိသင်အပြည့်ရနိုင်ဖို့ အရေးကြီးတဲ့ ထားသို ထိန်းသိမ်းပုံအကြောင်းကို မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)